Lectionary Calendar
Saturday, April 4th, 2026
Holy Saturday
Easter is tomorrow
Attention!
Take your personal ministry to the Next Level by helping StudyLight build churches and supporting pastors in Uganda.
Click here to join the effort!

Read the Bible

Myanmar Judson Bible

အသားသည် 49

1 တကျွန်းတနိုင်ငံအရပ်တို့၊ ငါ့စကားကို ကြားကြ လော့။ ဝေးစွာသော လူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဘွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။2 ငါ့နှုတ်ကို ထက်သော ထားကဲ့သို့ ဖြစ်စေ၍၊ လက်တော်အရိပ်၌ ဖုံးထားတော်မူ၏။ ငါ့ကိုလည်း ဦးသစ် သော စည်းသွားဖြစ်စေ၍၊ မိမိမြှားထောင့်ထဲမှာ ဝှက်ထားတော်မူ၏။3 အိုဣသရေလ၊ သင်သည် ငါ၏ ကျွန်ဖြစ်၏။ သင့်အားဖြင့် ငါ့ဘုန်းသည် ထင်ရှားလိမ့်မည်ဟု ငါ့အား မိန့်တော်မူပြီ။4 ငါကလည်း၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ။ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ သို့သော်လည်း၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ရှိ၏။ ငါခံရသော အခလည်း ငါ၏ဘုရားသခင်လက်တော်၌ရှိသည်ဟု ဆို၏။5 ငါသည် ထာဝရဘုရားရှေ့တော်၌ အသရေ ထင်ရှား၍၊ ငါ၏ဘုရားသခင်သည် ငါ့ကို ခိုင်ခံ့စေတော် မူသည်အကြောင်းနှင့်တကွ၊ ဣသရေလအမျိုးသည် အထံ တော်၌ စုဝေးစေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တဖန် ဆောင်ခဲ့ရသော ကျွန်ဖြစ်စေမည်အကြောင်း၊ ငါ့ကို အမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရား မိန့်တော်မူသည် ကား၊6 သင်သည် ယာကုပ်၏ အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင် ရွက်သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင့်ကို တပါးအမျိုးသားတို့ လင်းစရာဘို့ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။

7 ဣသရေလအမျိုးကို ရွေးနှုတ်တော်မူ၍၊ ထို အမျိုး၏ သန့်ရှင်းသော ထာဝရဘုရားသည်၊ အဘယ်သူ မျှ မနှစ်သက်၊ တပြည်လုံး ရွံရှာဘွယ်ဖြစ်၍၊ မင်းထံ၌ ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော် မူသော ထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ကျေးဇူး တော်ကြောင့်၊ ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။8 ထာဝရဘုရား မိန့်တော်မူသည်ကား၊ နှစ်သက် ဘွယ်သော အချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကို မစပြီ။ သင့်ကိုလည်း ငါ စောင့်ရှောက်၍၊ သင်သည် ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည် အကြောင်း၊9 ထွက်ကြလော့ဟု ချုပ်ထားသော သူတို့အား၎င်း၊ ပေါ်လာကြလော့ဟု မှောင်မိုက်ထဲမှာ နေသောသူတို့အား၎င်း ပြောစေမည်အကြောင်း၊ လူမျိုးအား ပဋိညာဉ်တရား ကို ပြုစရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့ သည် လမ်းခရီးတို့အနားမှာ စားရ၍၊ မြင့်သော အရပ်ရပ် တို့၌ ကျက်စားရာကို တွေ့ရကြလိမ့်မည်။10 သူတို့သည် ရေစာကို မငတ်မမွတ်ရ။ အပူကို လည်း မခံရကြ။ နေရောင်ခြည်မထိရ။ အကြောင်းမူကား၊ သူတို့ကို သနားသော သူသည် သူတို့ကို ပို့ဆောင်၍၊ စမ်း ရေတွင်းအနားသို့ လမ်းပြလိမ့်မည်။11 ငါ၏တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေ မည်။ ငါ၏မြေတန်တားများကိုလည်း ငါဖို့မည်။12 ကြည့်ရှုလော့။ ဤသူတို့သည် ဝေးသောအရပ်မှ လာကြလိမ့်မည်။ ကြည့်ရှုလော့။ ထိုသူတို့သည် မြောက် မျက်နှာနှင့်အနောက်မျက်နှာမှ၎င်း၊ ထိုသူတို့သည်လည်း၊ သိနိမ်ပြည်မှ၎င်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။

13 အို မိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အိုမြေကြီး၊ ဝမ်းမြောက်ခြင်းရှိလော့။ အိုတောင်များတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ၏။14 ဇိအုန်ကလည်း၊ ထာဝရဘုရားသည် ငါ့ကို စွန့် ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကို မေ့လျော့တော်မူပြီဟု ဆိုလေသော်၊15 မိန်းမသည် မိမိဘွားသော သားကို မသနား သည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။16 ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီ။ သင်၏ မြို့ရိုးသည် ငါ့ရှေ့မှာ အစဉ်ရှိ၏။17 သင်၏သားသမီးတို့သည် အလျင်အမြန်ပြုကြ လိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံ မှ ထွက်သွားကြလိမ့်မည်။

18 အရပ်ရပ်သို့ မျှော်ကြည့်လော့။ ဤသူအပေါင်း တို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက် ရှင်သည်ဖြစ်၍၊ သင် သည် တင့်တယ်သော အဝတ်ကို ဝတ်သကဲ့သို့၊ ဤသူ အပေါင်းတို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင် သတို့သမီး ပြုသည် နည်းတူတန်ဆာဆင်လိမ့်မည်။19 သင်၌ သုတ်သင်ပယ်ရှင်းသော အရပ်၊ ပျက်စီး သော ပြည်သည် နေသူများသောကြောင့် ကျဉ်းကြလိမ့် မည်။ သင့်ကို ကိုက်စားသော သူတို့သည်လည်း ဝေးကြ လိမ့်မည်။20 သင်၏သားများဆုံးပြီးမှ၊ တဖန်ရပြန်သော သားတို့က၊ နေရာမလောက်ပါ။ နေစရာ အရပ်ကို ပေးပါ ဟု သင့်အား တောင်းကြလေဦးမည်။21 သင်ကလည်း၊ ဤသူတို့ကို ငါ့အား အဘယ်သူ ဖြစ်ဘွားစေသနည်း။ ငါသည် သားဆုံးသောသူ၊ ဆိတ်ညံ လျက်နေရသောသူ၊ နှင်ထုတ်ခြင်းကို ခံရသဖြင့်၊ အဝေးသို့ လည်ရသောသူဖြစ်၍၊ ဤသူတို့ကို အဘယ်သူ မွေးစား သနည်း။ ငါသည် တယောက်တည်း နေရသည်ဖြစ်၍၊ ဤသူတို့သည် အဘယ်မှာ ရှိကြသနည်းဟု အောက်မေ့ လိမ့်မည်။22 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌နေ သော လူမျိုးတို့အား လက်ကို ချီ၍ အလံကို ထူသဖြင့်၊ သူတို့သည် သင်၏သားသမီးတို့ကို လက်နှင့် ပွေ့လျက်၊ ပခုံးပေါ်မှာ ထမ်းလျက်ဆောင်ခဲ့ကြလိမ့်မည်။23 ရှင်ဘုရင်တို့သည် သင်၏ ဘထွေး၊ မိဖုရားတို့ သည် သင့်ကို မွေးစားသော အမိဖြစ်ကြလိမ့်မည်။ သင့် ရှေ့မှာ ဦးညွှတ်ပြပ်ဝပ်၍၊ သင်၏ခြေ၌ မြေမှုန့်ကို လျက် ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၎င်း၊ ငါ့ကို မြော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းမရှိ ကြောင်းကို၎င်း သင်သိလိမ့်မည်။

24 လုယူရာဥစ္စာကို အားကြီးသော သူ၏ လက်မှ ယူရမည်လော။ တရားသော သူသိမ်းသွားသော လူတို့ကို နှုတ်ရမည်လော။25 ထာဝရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင် စစ်အားကြီးသောသူ သိမ်းသွားသော လူတို့ကို ယူရမည်။ ကြောက်မက်ဘွယ်သောသူ လုယူရာဥစ္စာကို နှုတ်ရလိမ့် မည်။ အကြောင်းမူကား၊ သင်နှင့် ရန်တွေ့သော သူကို ငါသည် ရန်တွေ့၍၊ သင်၏သားတို့ကို ကယ်တင်မည်။26 သင့်ကို ညှဉ်းဆဲသော သူတို့ကို သူတို့၏အသား နှင့် ငါကျွေးမည်။ ချိုသော စပျစ်ရည်ကို သောက်သကဲ့သို့၊ သူတို့သည် မိမိအသွေးကိုဝစွာ သောက်ရကြမည်။ သို့ဖြစ်၍၊ ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သော အရှင်၊ သင့်ကို ရွေးနှုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသော ဘုရားဖြစ်ကြောင်းကို လူအပေါင်းတို့ သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

 
adsfree-icon
Ads FreeProfile